Tuesday 23 September 2014

အောင်လံ ဆရာတော် အရှင် စန္ဒိမာ၏ ထေရုပ္ပတ္တိ အကျဉ်း

အောင်လံ ဆရာတော် အရှင် စန္ဒိမာ၏ ထေရုပ္ပတ္တိ အကျဉ်း


             သောတာပတ္တိမဂ်ရှုဖွယ်ကျမ်းအား ရေးသားပြုစုတော်မူသော အရှင်စန္ဒိမာ (အောင်လံ) ကို ပဲခူးတိုင်း သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင် ကျေးရွာနေ ခမည်းတော် ဦးသိန်းအောင်၊ မယ်တော် ဒေါ်ခင်မြ တို့မှ ကောဇာသက္ကရာဇ် (၁၃၁၄) ခုနှစ် ကဆုန်လပြည့်ကျော် (၅) ရက် နံနက် (၄) နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။ မွေးချင် (၇) ယောက် ရှိသည့်အနက် တတိယမြောက် သားရတနာ ဖြစ်ပါသည်။

             ငယ်စဉ်မှစ၍ လောကီအတန်းပညာများကို သင်ကြားခဲ့ပါသည်။ အသက် (၂၄) နှစ် အရွယ်တွင် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် မင်္ဂလာဒုံမြို့နယ်၊ ကျိက္ကလဲ့ရွှေကျင်ကျောင်းကြီးတွင် ဘဒ္ဒန္တဇဝန ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ သဲအင်းဂူဆရာတော်ကြီး၏ တပည့် ဆရာတော် ဦးသီရိဓမ္မ ထံတွင် (၉) တရားစခန်း အားထုတ်ပြီး မှောဘီသဲအင်းဂူဌာနချုပ်၌ ပထမဝါကပ်၍ တရားကျင့်ကြံအားထုတ် ခဲ့ပါသည်။ ဆရာတော် ဦးသီရိဓမ္မထံတွင် (၅) နှစ်တာ တရားအားထုတ်ရင်း သာသနာပြုခဲ့ပါသည်။ ရဟန်း (၂) ဝါ အရတွင် ဖခင်ဖြစ်သူသေဆုံးသဖြင့် (၆) ဝါ အရတွင် ကျန်ရစ်သူ မိခင်ကြီးနှင့် ညီငယ်များကို လုပ်ကျွေးရန် လူဝတ်ကြောင် ဘဝသို့ ပြန်လည် သက်ဆင်းခဲ့ပါသည်။

            (၁၉၉၆) ခုနှစ်တွင် ပြည်မြို့ တီတွဒ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနမှ ဦးခင်ဝင်း+ဒေါ်သန်းသန်းမြင့် တို့၏ ပစ္စယနုဂ္ဂဟကို ခံယူကာ မှောဘီမြို့နယ်၊ သဲအင်းဂူဝိပဿနာ ဌာနချုပ်မှ ဘဒ္ဒန္တ ဝါယာမ (ဘီးလင်းဆရာတော်) ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘောင်သို့ ဒုတိယအကြိမ် တက်ခဲ့ပါသည်။

            (၂၀၀၀) ခုနှစ်တွင် အောင်လံမြို့၊ စက်ရုံရပ်ကွက်၌ တိုက်ခွဲ အမှတ် (၃၂)၊ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာကို စတင်ထူထောင်၍ ယခုအချိန်ထိ သာသနာပြုလျက်ရှိပါသည်။